ကြွက်သားတောင့်တင်း နာကျင်ခြင်းကို သက်သာစေဖို့
ကြွက်သားတောင့်တင်းတာကို တော်တော်များများ ကြုံဖူးကြမှာပါ။ နေထိုင်မှု ပုံစံ အမှားတွေ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်နေထိုင်ခြင်း မရှိတာ၊ အာဟာရဓာတ်တွေ ချို့တဲ့တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာ ဒါမှမဟုတ် လွန်ကဲတာတွေကြောင့် ကြွက်သားတောင့်တင်းခြင်းတွေ ဖြစ်တတ်ပါတယ်။
ကြွက်သားတွေဆိုတာ ခန္ဓာကိုယ် လမ်းလျှောက်နိုင်ဖို့၊ ပြေးလွှားလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ဖို့ အရေးပါတဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ ကြွက်သားတွေ တောင့်တင်းနေရင် နေရထိုင်ရ မသက်သာသလို လှုပ်ရှားမှုတွေ၊ လုပ်ငန်းဆောင်တာတွေ ပြုလုပ်ရာမှာ ခက်ခဲလာနိုင်ပါတယ်။ ဒါ့ကြောင့် ကြွက်သားတွေ တောင့်တင်းနာကျင်တဲ့အခါ သက်သာစေဖို့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။
အနားယူပါ။
တောင့်တင်း နာကျင်နေတဲ့ ကြွက်သားတွေကို အနားပေးဖို့ အရေးကြီးပါတယ်။ ဒီလို အခြေအနေမှာ အလေးမတာတွေ၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အရမ်း မလုပ်ပေးဖို့ လိုပါတယ်။
ဆေးဝါးတွေရဲ့ အကူအညီ ယူပါ။
ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့အခါ လိမ်းဆေးတွေ လိမ်းတတ်ကြပါတယ်။ ဗ်ိုက်ကပ်ပလာစတာ၊ လိမ်းဆေးတွေ အနေနဲ့လည်း ရှိပါတယ်။
ဆေးဆိုင်တွေမှာ ဆရာဝန်လက်မှတ် မလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေကို အစာစားပြီး သောက်ပေးလို့ရပါတယ်။
ရေခဲကပ်ပါ။
ရေခဲကပ်ပေးတာက နာကျင်မှုကို သက်သာစေရုံမက ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။
ရေနွေးအိတ် ကပ်ပါ။
ရေနွေးအိတ်ကပ်ပေးတာက သွေးလည်ပတ်မှုကို ကောင်းမွန်စေတာကြောင့် တောင့်တင်းနေတဲ့ ကြွက်သားတွေကို ဖြေလျော့ပေးပါတယ်။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။
ပြင်းထန်တဲ့ သွေးပူလေ့ကျင့်ခန်းတွေ မဟုတ်ဘဲ လမ်းလျှောက်ပေးတာ၊ အကြောလျှော့တာ စတဲ့ လေ့ကျင့်ခန်းလေးတွေက သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် နာကျင်မှုကို သက်သာစေတဲ့ Endorphins ဟော်မုန်းကိုလည်း ထွက်စေတာကြောင့် ကြွက်သားတွေ တောင့်တင်းတာကို သက်သာစေပါတယ်။
အာဟာရပြည့်ဝအောင် စားပါ။
တခါတလေ ရေဓာတ်ခမ်းခြောက်တာကလည်း ကြွက်သားတွေ တောင့်တင်း နာကျင်မှုကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ရေဓာတ်ပြည့်ဝအောင် သောက်ပေးတာ၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ပါတဲ့ အစားအစာတွေ စားပေးတာက ကြွက်သားတောင့်တင်းမှုကို သက်သာစေသလို ကာကွယ်ပေးပါတယ်။
စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်မှာ မူတည်နေပါတယ်။ စိတ်ဖိစီးမှု မဖြစ်အောင် တရားထိုင်တာ၊ ယောဂလေ့ကျင့်တာတွေက ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားတွေကို ဖြေလျော့ပေးခြင်းနဲ့အတူ နာကျင်တာကို သက်သာစေတဲ့အပြင် ကြွက်သားတွေကို သန်မာစေနိုင်ကြောင်း မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါး ကျွမ်းကျင်)